မဖြောင့်ဖြူးသေးသော စီးဆင်းမှုများ

-ရဲမြတ်သူ

မြန်မာနိုင်ငံမှာ ထုတ်ကုန်တွေ နည်းလာပြီး ပြည်ပကို အားကိုး နေကြရတာကြောင့် ငွေဈေးတွေ တက်လာတာ၊ စားဝတ်နေရေး၊ စရိတ်တွေ တက်လာပြီး ဝင်ငွေတွေ လခတွေမလောက်ကြ တော့ရာက အရာရာ စားရိတ်ကြီး လာကြတာတွေ ဖြစ်လာတဲ့ အခါမှာ နိုင်ငံတွင်းမှာ ရှိတဲ့ သယ်ယူပို့ဆောင်ခ ကြီးတာကို ပြောကြ လေ့ရှိတယ်။ တကယ်လည်း ရန်ကုန်က မုန့်လုပ်တဲ့ သူတစ်ယောက်က မုံရွာက ဂျုံကို ရန်ကုန်သယ် တဲ့ စရိတ်က သြဇီလိုပြည်ပကမှာတာထက်ပိုပြီး စရိတ်ကြီးနေတာတွေလည်း လက်တွေ့ဖြစ်နေတယ်။ ကားလမ်းပေါ်မှာချင်း အတူတူကို မြန်မာနိုင်ငံက ကုန်သယ်စရိတ် က တစ်မိုင် တစ်တန်ကို ဘယ်လောက်နှုန်း ကျတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ တွက်ကြည့်ရင် အိမ်နီးချင်း တရုတ်တို့၊ ယိုးဒယားတို့နဲ့ ယှဉ်ရင်အတော်ကွာ နေကြတာအမှန်ပဲ။ တည်ဆောက်ထားတဲ့ လမ်းတွေရဲ့ အခြေခံအဆောက်အဦ Infrastructure တွေအရကို စရိတ်တွေ ကွာနေစေတယ်။ တစ်ခါလမ်းတွေ ကွာတော့ အချိန်ကွာတယ်၊ ပိုမြန်မြန်ရောက် တော့ ဆီပိုသက်သာသလို လုပ်ငန်းမှာလည်း အကျိုးများတယ်။ ဒါတောင် သူတို့ဆီမှာ ကီလို ရာချီတဲ့ နေရာတွေမှာ ကားတွေထက် ရထားသုံးတာပိုများတယ်လို့ ဆိုတယ်။ ဒီထက် သက်သာတာက ရေလမ်းကို သုံးနိုင်ရင် ပိုလို့ တောင်သက်သာတယ်လို့ဆိုပြန်တယ်။

ရထားဆိုရင် မြန်မာနိုင်ငံ ဘုရင်ခေတ် ကတည်းက ရန်ကုန်ပြည် လမ်းဖောက်ပြီးနေပြီ၊ အာရှမှာ အတော်စောတယ် ပြောလို့ရ တယ်။ အင်္ဂလိပ်ခေတ်မှာ မြစ်ကြီးနား၊ လားရှိုးစတာတွေထိ သူတို့ရောက်တာနဲ့ ရထားလမ်းတွေ ဖောက်တာစလုပ်တယ်။ ရှမ်းပြည်နယ်ဆို ကမ္ဘာ့အမြင့်ဆုံးစာရင်း အဲဒီအချိန်က ဝင်ခဲ့တဲ့ဂုတ်ထိပ်တံတားကြီးကို ဆောက်ပေးနိုင်ခဲ့တယ်။ ပြောရရင် ၂၀ ရာစုမတိုင်ခင်မှာကို ဒီလောက် တံတားကို အမေရိကန် ကုမ္ပဏီတစ်ခုကို အပ်ပြီး ၁နှစ် လောက်နဲ့ ဆောက်နိုင်ခဲ့တယ်။

ရေလမ်းဆိုလည်း အင်္ဂလိပ်လက်ထက်က ဧရာဝတီဖလော်ရီဒါ မီးသင်္ဘောကုမ္ပဏီကတင် ဧရာဝတီမြစ်ထဲမှာ မီးသင်္ဘော ၅၀၀ လောက်ထိ သွားခဲ့တယ်လို့ ဆိုတယ်။ အခုအချိန်တောင် အဲဒီလောက်သွားမနေတော့ဘူး။ တကယ်တော့ မြန်မာနိုင်ငံဟာ မြစ်ကြီး ၄ စင်းနဲ့ မြစ်ငယ်များစွာ ပိုင်ဆိုင်ချမ်းသာတဲ့ နိုင်ငံဖြစ်တယ်။ ရှေးခေတ်က မင်းဆက်တွေ  အတော်များများ မြစ်ကြီးတွေဘေးမှာ မြို့တည်ကြတယ် စီးပွားဖြစ်ခဲ့ကြတယ်။ ရထားဆိုလည်း ကျွန်တော်တို့ ငယ်ငယ်က အတော် အားကိုးခဲ့ကြရသေးတယ်။အခုအချိန်မှာ လမ်းဖောက်ထားပြီး တစ်ရက် တစ်စီးတောင် မဖြတ်တဲ့ လမ်းတွေနိုင်ငံအဝှမ်း အများကြီးရှိမယ်လို့ ထင်တယ်။ ရန်ကုန်၊  မန္တလေး တောင် ကားတွေအားကိုးနေကြ ရတယ်။ ကားလမ်းဆိုလည်း အများကြီးထပ်ဖောက်တာတောင် တိုင်းပြည်မှာရှိတဲ့ မြို့ရွာ ၆၀၀၀၀ ကျော်အတွက် လမ်းမရောက်တဲ့ မပေါက်ရောက်တဲ့ ကားနေ့စဉ်မရှိတဲ့ ရွာမကျ မြို့မကျ ဒေသတွေ အများကြီး ကျန်သေးတယ်လို့ ထင်တယ်။ လျှပ်စစ်မီးမရတာ၊ လမ်းမရှိတာတွေက တိုင်းပြည်မှာရှိတဲ့ လူတွေကို လုပ်အားတွေ မဖြစ်စေဘဲ စားနေကြတဲ့ ပါးစပ်ပေါက်တွေပဲ လိုဖြစ်နေတော့ မြန်မာတွေ ပြည်ပ အလုပ်သွားလုပ်တာတွေ ခေတ်စားကုန်တာ ဒါကြောင့်လို့တောင် ပြောလို့ရတယ်။

မြန်မာနိုင်ငံ သယ်ယူပို့ ဆောင်ခ စရိတ်ကြီးတာနဲ့ ပတ်သက်ပြီး ပြောကြတော့ တစ်လောကမန္တလေးက ကုန်စည်သယ်ဆောင်တဲ့ အသင်း အထူးသဖြင့်ရေကြောင်း အသင်းကနေ တင်ပြတာတစ်ခု ကြားလိုက်ရသေးတယ်။ တစ်ချိန် က ကုန်စည်စီးဆင်းရာမှာ စရိတ် သက်သာစေတဲ့ ဧရာဝတီမြစ်ကြီးကနေ ရန်ကုန် မန္တလေးသယ်တာကို အရင်လိုမသယ်နိုင်ကြောင်း ပြောရင်း ကိုယ်တွေက မြစ်ကြီး ကောလာတာ ရေကြောင်းတွေ ကိစ္စ သောင်တွေထွန်းတဲ့ ကိစ္စသဘာဝ ပတ်ဝန်းကျင် ကိစ္စတွေတွေး မိပြောမိနေပြီး သူများနိုင်ငံလို ရေလမ်းကနေ မသယ်နိုင်တာ ဘာညာ ပြောဖြစ်ကြရင်း ရေလမ်းက  သယ်ရင်စရိတ် သက်သာမယ်ဆိုတဲ့ သီအိုရီထဲက စာတွေထဲက နိုင်ငံတကာက အရာတွေ ပြောဖြစ်ကြရင်း သူတို့ ပြန်ပြောတဲ့ မြန်မာနိုင်ငံမှာ လက်တွေ့ဖြစ်နေတဲ့ အရာတွေ ပြန်ပြောတော့ ပိုပြီးအံ့သြ သင့် သွားစေတာဖြစ်ခဲ့တယ်။ သူတို့ပြောပြချက်အရ။

ရန်ကုန် မန္တလေးကို သူတို့ သင်္ဘောကုန်သယ်ရင် တစ်ပတ်လောက် ၈ ရက်လောက်ကြာတယ်လို့ဆိုတယ် လမ်းမှာသွားရတဲ့ အချိန်ပေါ့လေ။ နောက်သူတို့ဆက် ပြောတာက သဘောင်္ာက ရောက်ရင်ကုန်ချဖို့ ၄၅ ရက်လောက်ကမ်း မှာ စောင့်ရတယ်တဲ့ ဒီလိုပဲ အသွားအပြန် စောင့်နေကြရတော့ ခရီးတစ်ခေါက်အတွက် ဝန်ထမ်းတွေကို ၃လစာ ရှင်းနေရတော့  စရိတ်ကြီးတာပေါ့တဲ့။ နောက်ပြီး အရင်ကတည်းက သင်္ဘောလိုက်သူတွေကို သူပေးရတဲ့နှုန်းတွေနဲ့ တစ်သက်လုံး ပေးလာကြရာက  မနှစ်က လုပ်လိုက်တဲ့ အနိမ့်ဆုံး လုပ်ခလစာရယ်၊ ၈ နာရီဆိုင်းထက် ပိုမခိုင်းရတို့ ဘာတို့ဆိုတဲ့ အလုပ်သမား ဥပဒေတွေ ထွက်လာတော့ ပိုဆိုးကုန်တယ်လို့ဆိုတယ်။ တကယ်လည်းဟုတ်တယ်၊ ဝန်ကြီး ဌာနတွေက အထည်ချုပ်တွေကိုပဲ ကြည့်ပြီးဥပဒေထုတ်ပြီး တစ်ပြည်လုံးက လုပ်ငန်းတွေ အကုန်ဇွတ်လိုက်နာခိုင်းတော့ ဒီလိုပြဿနာတွေလည်း ရှိတယ်။

ဒါနဲ့ ဘာကြောင့် ၄၅ ရက် စောင့်ရတာလည်းမေးကြည့်တော့ ဆိပ်ကမ်းကိစ္စမလောက်ငတာရယ် နောက်ပြီး အလုပ်သမား ခေါင်းတွေနဲ့ ဆိပ်ကမ်း အလုပ်သမားတွေနဲ့ အလုပ်သမားဝန်ကြီး ဌာန စည်းဝါးရိုက်ထားတဲ့ ကိစ္စတွေ ကြားရတယ်။ အစိုးရဝန်ကြီးဌာနတွေကို သူတို့က ဘိလပ်မြေ တစ်အိတ် ၂၀ ဆိုတာမျိုး ကော်မရှင် ပေးထားပြီး ကာခိုင်းထားတာတွေလည်း ကြားခဲ့ရတယ်။ ဆိပ်ကမ်းဆောက်တဲ့ ကိစ္စတွေမှာ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး ကိစ္စတွေလည်း ပြောပြတယ်။ နောက် ဆုံးတော့ ၄၅ရက်စောင့်တဲ့ ကိစ္စက စရိတ်ကြီးခြင်းရဲ့ အဓိက တရားခံဖြစ်လာတယ်။

အရင်ကလည်း မြန်မာနိုင်ငံကို ကုန်ပို့ဖို့ သင်္ဘောတွေ စင်္ကာပူမှာ ၂ ပတ်လောက် ရပ်စောင့်ရ တယ်ပြောတယ်။ ဒီအတွက် ဆိပ်ကမ်းခတွေနဲ့ အခြားစရိတ်တွေက ကိုယ်တွေကိုလာပိစေသလားဆို တာတွေးစရာဖြစ်လာတယ်။  ဒီလိုစောင့်နေကြရတာ တွေဟာ အ ခြေခံဆောက်အဦ Infrastructure မရှိတာလား၊ အစိုးရ ယန္တရားကြီးက ထစ်ထားရစ်ထား လုပ်စားထားတာတွေကြောင့်လား ဆိုတာတော့ သုတေသန လုပ်နိုင်ကြ ရင် ကောင်းမယ်။

စောစောက ပြောတာတွေနဲ့ ပတ်သက်လို့တော့ ဒီထက်ပိုသိ ချင်ရင်တော့ အဲဒီအသင်းကလူ ကြီးတွေနဲ့ပဲ ချိန်ပေးနိုင်တယ်။ သူတို့ပြောတာ ပြန်ပြောရတာဆိုတော့ သူတို့မှာလည်း အချက်အလက်အစုံတင်ပြဖို့ ရှိတယ်ဆိုပြီး ကုန်သည်စက်မှု အသင်းတွေက တစ်ဆင့်တင်ပြဖို့ သူတို့အမြဲ ကြိုးစားနေတယ်။

တကယ်တော့ ရထားလည်း ရထားအလျောက်၊ ကားလည်း ကားအလျောက် လမ်းကြေးက အစ အချိန်ကုန်တာအဆုံး ဖြစ်နေကြတာတွေကို ကျွန်တော် တွေးမိတာလေး ဖြစ်စေချင်တာလေးတစ်ခု ရှိတယ်၊ မိတ်ဆွေတို့ဖြစ်နိုင်မဖြစ်နိုင် သုံးသပ်ပေးကြပါလား။

အခု တိုင်းပြည်မှာ MBA တွေ အစိုးရရော နိုင်ငံတကာကလာ သင်ပေးနေတာတွေရှိတယ်။ နောက်နိုင်ငံမှာလည်း အင်ဂျင်နီယာတက္ကသိုလ်တွေ ရှိတယ်၊ စီးပွားရေးတက္ကသိုလ်တွေ ရှိတယ်။ ဒီတော့ဒီက ကျောင်းသားတွေကို အုပ်စုတွေဖွဲ့ပြီး အပိုင်းတွေလိုက် သုတေသနလို လေ့လာတာတွေလုပ်ပြီး စာတန်းတွေ ထွက်စေချင်တယ်။ နောက်ပြီး သူတို့ကို ပတ် ဝန်းကျင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ယိုးဒယား စင်္ကာပူစတာ တွေမှာသွားပြီး လေ့လာခိုင်းပြီး Case Study ယှဉ်ခိုင်းစေချင်တယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ အဲဒီနိုင်ငံတွေက အင်ဂျင်နီယာ ကျောင်းသားတွေ၊ စီးပွားရေးကျောင်းသားတွေ၊ စီမံခန့်ခွဲမှု ကျောင်းသားတွေကိုလည်း သူတို့တစ်တွေဆီကနဲ့ ယှဉ်ပြီး ကိုယ့်ဆီလာလည် လေ့လာကြပြီး ဘယ်နေရာမှာ ဘာဖြစ်နေလို့ဆိုတဲ့အဖြေအတွက် သုတေသန တွေ လာလုပ်ကြစေချင်တယ်။ အားလုံးပြီးသွားရင် အဲဒီကျောင်းသားတွေ မေးချင်တာတွေ မေးနိုင်ဖို့ ဆွေးနွေးပွဲတစ်ခုကို တစ်နိုင်ငံစီ မှာလုပ်ပြီး တာဝန်ရှိသူတွေကို ဖြေခိုင်းစေချင်တယ်။ ပြီးရင် အဖွဲ့ လိုက်စာတန်းတွေ ဖတ်ကြပြီး နှိုင်းယှဉ်ဆွေးနွေးတာတွေကို အဖွဲ့လိုက်ကလေးတွေ ထောင့်စုံကနေ ပြဿနာစုံကို လုပ်ကြတာမျိုး လုပ်ကြစေချင်တယ်။ ပြီးမှ တကယ်လောကက ပညာရှင် အတွေ့အကြုံရှိအရာရှိတွေ ကနေ အမှတ်ပေးပြီး ဆွေးနွေးပွဲတွေလုပ် ပေးနိုင်ရင်ကောင်းမယ်။ ပြီးရင် တွေ့တာတွေကို စာအုပ်ထုတ်လို့ ရတယ်။ Case Study ဆောက်ပြီး အခြားတက္ကသိုလ်တွေ အခြားနိုင်ငံတွေကို ဆက်ဆွေးနွေး ခိုင်းကြလို့ ရသေးတယ်။

မိတ်ဆွေတို့ ဘယ်လိုမြင်ကြ ပါသလဲ။ ဘာပဲဖြစ်ဖြစ် တက္ကသိုလ်တွေက Scolar တွေရဲ့ကွာခြားမှု မတူညီမှုတွေကိုပါ လေ့လာ နိုင်ကြမယ်လို့ ထင်တယ်။ စမ်းမကြည့်ကြချင်ဘူးလားလို့ပါ။