လက်ရှိအလုပ်မှာ ဆက်နေမှာလား ... အလုပ်သစ်ရှာမလား ...

ကျွန်တော်တို့ ၀န်ထမ်းလောကမှာ လက်ရှိ အလုပ်မှာပျော် ရွှင်မှု၊ ငြီးငွေ့မှုဆိုတဲ့ ခံစားချက်တွေ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ တချို့ကလည်း ရုံးအတွင်း ၀န်ထမ်းအချင်းချင်း၊ လုပ်ငန်းရှင်စတာတွေနဲ့ အဆင်ပြေတယ်၊ အလုပ်ကလည်း ကိုယ်တိုင် ကျွမ်းကျင်မှုနဲ့အတူ အောင်မြင်တယ်၊ လစာလည်း ကောင်းမွန်တာကြောင့် ပျော်ရွှင်တတ်ကြပါတယ်။ တချို့လည်း အဆင်မပြေမှုတွေကြောင့် လက်ရှိ အလုပ်ကို ငြီးငွေ့နေတတ်သူတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ မိမိရဲ့ အရည်အချင်းကြောင့် တခြား အလုပ် တနေရာကနေ လာရောက်ကမ်းလှမ်းမှုမျိုးလည်း ရှိတတ်ပါတယ်။ ဒီလို အနေအထားမှာ လုပ်ငန်းခွင် ပျော်မွေ့နေသူအတွက်တော့ အဆင်ပြေပေမယ့် ငြီးငွေ့နေသူ တယောက်အတွက်ပဲ ဖြစ်ဖြစ်၊ အလုပ်သစ်နဲ့ လက်ရှိ အလုပ်ကိုချိန်ဆနေသူ အတွက်ပဲ ဖြစ်ဖြစ် အခုကျွန်တော်ပြောမယ့် အချက်လေးတွေက သင့်ကို ဆုံးဖြတ်ချက်ချဖို့ အကူအညီပေးနိုင်မယ် ထင်ပါတယ်နော်။

ဟုတ်ပါပြီ၊ လက်ရှိ အလုပ်မှာဆက်လုပ်မလား၊ အလုပ်သစ် ပြောင်းမလားဆိုတဲ့ စဉ်းစားမှုအတွက် အရင်ဆုံး နားလည်ထားရမယ့် အချက်ကတော့ သင့်ရဲ့ ဘ၀ကို ပြောင်းလဲဖို့ အတွက် အလုပ်ပြောင်းဖို့ မလိုအပ်ဘူးဆိုတာပါပဲ။ ဒီစာကြောင်းကိုတခေါက် ဖတ်ရုံနဲ့ ကောင်းကောင်း နားမလည်ဘူးဆို ရင်နာက်တခေါက်ထပ်ဖတ်လိုက်ပါ၊ အကြိမ်ကြိမ် အခါခါ ဖတ်ပါ။ ဒါဆို သင်ကောင်းကောင်း နားလည် လာပါလိမ့်မယ်။ ဆိုလိုရင်းကတော့ လက်ရှိ အလုပ်မှာ လစာကြောင့်ဖြစ်စေ၊ တာဝန်ကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင် အနေအထားကြောင့်ဖြစ်စေ၊ သင် အလုပ်ပြောင်းဖို့စဉ်းစားမိနေတယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါ။ လက်ရှိ သင်ရနေတဲ့ လစာထက် ပိုတဲ့လစာနဲ့ ထိုက်တန်တဲ့ အရည်အချင်းမျိုး သင့်မှာ ပိုင်ဆိုင်ထားပါသလား။ လက်ရှိ သင်ရနေတဲ့လစာထက်ပိုတဲ့ လုပ်အားမျိုး သင် စိုက်ထုတ်နေရပါသလား။ စကားကို အော်ပြောခြင်းက ဆူညံခြင်းကိုသာ ဖြစ်စေပြီးလိုရင်းကို ရောက်ဖို့ အလှမ်းဝေးသွားစေ ပါတယ်။ အဲဒီလိုပဲ မဆိုင်တာတွေ တွေဝေနေခြင်းက အခ်ျိန်ကုန် သွားတာပဲ အဖတ်တင်ပြီး ရည်ရွယ်ချက်ကို အရောက်နှေးစေပါတယ်။ ဒါကြောင့် လက်ရှိ အလုပ်ကနေ ထွက်ဖို့၊ မထွက်ဖို့ ကျွန်တော်က အားမပေးပါဘူး။ တစ်ခုပဲ ရှိပါတယ်။ သင့်အနေနဲ့ လက်ရှိရနေတဲ့ လစာထက် ပိုမိုတဲ့ လုပ်အားမျိုး ထုတ်ပြလုပ်ကိုင်ပါ၊ အချိန်ကာလ တစ်ခုထိအောင်လစာ၊ ရာထူးတက်လာသလား ဆိုတာ စောင့်ကြည့်ပါ၊ ထူးခြားမှု မရှိဘူး ဆိုရင်တော့ လက်ရှိအလုပ်ကနေ ထွက်ခွာဖို့ သင့်ပါတယ်။ ကိုယ်တိုင်ကလည်း ကြိုးစား အားထုတ်မှု နည်းတယ်၊ အရည်အချင်းလည်း နိမ့်နေတယ်၊ ဒါကြောင့် လစာလည်းနည်းတယ်။

ဒါကိုမှ တခြား အလုပ်ပြောင်းလုပ်ဖို့ စဉ်းစားနေရင်တော့ သင့်အတွက်ရော လက်ရှိ သင့်လုပ်ကိုင်နေတဲ့ အလုပ်မှာပါ အကျိုးရှိလာမှာ မဟုတ်ပါဘူး။ ပထမ တစ်ချက်ကို ကောင်းစွာသဘောပေါက် နားလည်ပြီ ဆိုရင်တော့ ဒုတိယ တစ်ချက်ကို ဆက်ကြည့်ရအောင်ပါ။ အဲဒါကတော့ နောက်ထပ် အလုပ်သစ်အတွက်ပဲ ဖြစ်စေ၊ လက်ရှိ အလုပ်မှာ အောင်မြင်ချင်တယ်၊ အဆင်ပြေချင်တယ် ဆိုရင်ပဲဖြစ်စေ ကောင်းစွာ သဘောပေါက် နားလည်ရမယ့် အချက် အဓိကအနေနဲ့ ၃ချက်ပဲ ရှိပါတယ်။ ပထမ တစ်ချက်က ရှင်းလင်းစွာ နားလည်သဘောပေါက်ပါစေ၊ ဘာကိုရှင်းလင်းစွာ နားလည်ရမှာလဲဆိုတော့ သင့် အခုလက်ရှိ အလုပ်မှာ ဘယ်အရာကို မလိုချင်၊ မနှစ်သက်တာလဲ ဆိုတာပါပဲ၊ ဥပမာ လက်ရှိ လုပ်ငန်းရှင်နဲ့ အဆင်မပြေတာလား၊ အလုပ်ချိန်လား၊ လစာလား၊ စသဖြင့်ပေါ့။ သင့် အနေနဲ့ ဘယ်လိုအပြောင်းအလဲကို လိုချင်တာလဲရှင်းလင်းစွာသိဖို့ လိုအပ်ပါတယ်။ လစာလည်း ကောင်းတယ်၊ အလုပ်ချိန်လည်း အဆင်ပြေတယ်၊ လုပ်ငန်းရှင် တယောက်တည်းနဲ့ အဆင်မပြေမှုအတွက် သင် အလုပ်သစ်ပြောင်းဖို့ လိုအပ်ပါ သလား၊ ကျွန်တော်တော့ မထင်ပါဘူး။ အလုပ်ချိန်က များတယ်၊

လစာက နည်းတယ်၊ လုပ်ငန်းရှင်နဲ့ကတော့ ရင်းနှီးတယ်၊ အဆင်ပြေတယ်၊ ဒီ့အတွက်နဲ့ရော လက်ရှိ အလုပ်မှာအားနာပြီး ဆက်လုပ်နေဖို့ သင့်ပါသလား။ ကိုယ့်အနေအထားကို ရှင်းလင်းစွာ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်နော်။ ဒုတိယအနေနဲ့ကတော့ မိမိကိုယ်ကို ယုံကြည်မှု ရှိပါစေ။ ဒီလိုယုံကြည်မှုက လက်ရှိ မိမိ အလုပ်မှာလည်း ငါတာဝန်ယူနိုင်တယ်ဆိုတာမျိုး ယုံကြည်မှု အပြည့်နဲ့လုပ်ကိုင်နိုင်စေဖို့ဖြစ်သလို အလုပ်သစ် ပြောင်းမယ်ဆိုရင်လည်း စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်နိုင်ဖို့ ယုံကြည့်မှု အပြည့်ရှိမှ ပြောင်းလဲလုပ်ကိုင်ပါ၊ ယုံကြည်ချက်၊ ဦးတည်ချက်မရှိပဲ အသစ်လိုလားမှု တစ်ခုတည်းနဲ့ အလုပ်သစ်မပြောင်းပါနဲ့။ နောက်တစ်ချက် နားလည်ထားဖို့က ထိန်းချုပ်နိုင်မှု ဖြစ်ပါတယ်။ သင့်ရဲ့ လုပ်ဆောင်နိုင်စွမ်း တစ်ခုကလွဲပြီး ကျန်အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိပါစေ။ အလုပ်ကိုတော့ အာရုံအပြည့်နဲ့ အကောင်းဆုံးလုပ်ဆောင်ပါ။ သင့်အတွက် အခွင့်အလမ်းတွေ ကြိုနေနှင့်မှာပါ။

ဒါဆို အလုပ်သစ် အတွက်ပဲဖြစ်ဖြစ်၊ လက်ရှိ အလုပ်မှာပဲဖြစ်ဖြစ် ကြိုးစား အားထုတ်မှုက ပဓါန ဖြစ်တယ်ဆိုတာ သိလာပြီ ဆိုတော့ နောက်တစ်ချက် ဆက်သွားရအောင်ပါ။ အဲဒါကတော့ လက်ရှိသင့်ရဲ့ ရာထူးထက် တစ်ဆင့်မြင့်တဲ့ရာထူးဟာ သင့်အတွက် နောက်ဆုံးရာထူး မဟုတ်ဘူးဆိုတာ ကောင်းစွာနားလည် သဘောပေါက်ဖို့ပဲ ဖြစ်ပါတယ်။

လက်ရှိမှာအထက်မှာ ပြောခဲ့တဲ့အတိုင်းတော့ ကြိုးစား အားထုတ်မှု လုပ်နေပြီ၊ လစာလည်း သင့်တင့်ပြီ၊ ဒါပေမယ့် ရာထူးကတော့တက်မလာသေးဘူး ဆိုတဲ့ သူတွေရှိနေကြပါတယ်။ သူတို့အတွက် အခုပြောနေတဲ့ အချက်ကို ကောင်းစွာ သဘောပေါက် လိုက်ပါ။ အခြေအနေ၊ အချိန်အခါ တစ်ခုကြောင့် ရာထူးတက်သေးတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လက်ရှိမှာ သင်ဟာ စာရေးလေးတစ်ယောက်ဆိုရင် သင့်အထက် ရာထူးဖြစ်တဲ့ စာရေးကြီး ရာထူး ဟာ သင့်ဘ၀အတွက် နောက်ဆုံးနဲ့ အမြင့်ဆုံး ရာထူး မဟုတ်ပါဘူး။ အချိန်နဲ့ အမျှကြိုးစားလုပ်ကိုင်နေသူအတွက် ရာထူးဆိုတာအကန့်အသတ် ရှိမလာနိုင်ပါဘူး။ စာရေးလေး ဘ၀ကနေ စာရေးကြီး၊ ရုံးအုပ်၊ တာဝန်ခံ၊ အုပ်ချုပ်သူစသဖြင့် ရာထူးတွေ အများကြီး ရနေနိုင်ပါသေးတယ်။ လက်ရှိ အလုပ်မှာ ကြိုးစားအားထုတ်မှုမှတ်တမ်းဟာ အလုပ်သစ် နေရာမှာလည်း ရာထူးကောင်း ရလာစေနိုင်ပါတယ်။ အချိန်ကုန်နေတာ၊ ကုန်သွားတာကို ခဏမေ့ထားပြီး အလုပ်ကိုပဲ အားစိုက် လုပ်ဆောင်တာအကောင်းဆုံး ရလဒ်ကို ရလာနိုင်စေမယ့် အချက် ဖြစ်ပါတယ်နော်။

ဟုတ်ပါပြီ၊ ဒီအထိတော့ ကျွန်တော်တို့ အလုပ်သစ်မှာပဲ ဖြစ်ဖြစ်၊ လက်ရှိ အလုပ်မှာပဲ ဖြစ်ဖြစ် အားစိုက် လုပ်ဆောင်ရမယ်၊ ကြိုးစားရမယ်၊ ဘယ်လို အခြေအနေကြောင့်မှာမှ လက်ရှိ အလုပ်က ထွက်ခွာမယ်ဆိုရင် သင့်တင်ဆိုတာမျိုး သိလာခဲ့ပါပြီနော်။ နောက်ဆုံး တစ်ချက်အနေနဲ့ လက်ရှိအလုပ်မှာ ဆက်လုပ်မလား၊ အလုပ်သစ် ပြောင်းမလားဆိုတဲ့ ဆုံးဖြတ်ချက်အတွက် စဉ်းစား နားလည်ရမယ့် အကြောင်းလေး ပြောချင်ပါတယ်။ အဲဒါကတော့ သင်ဟာ တစ်ဦးတည်းတစ်ယောက်တည်း မဟုတ်ဘူး၊ အကူအညီတွေ၊ ပတ်ဝန်းကျင်တွေရှိတယ်ဆိုတာပါပဲ။ အထက်မှာ ပြောခဲ့သလို သင့်ရဲ့ဘ၀ကို ပြောင်းလဲဖို့အတွက် အလုပ်ပြောင်းဖို့ မလိုအပ်ဘူးဆိုတဲ့ အတိုင်း အလုပ်သစ် ပြောင်းလုပ်လိုက်တာနဲ့ ဘ၀လည်း ပြောင်းလဲပြီလို့ မထင်လိုက်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသားကျဖို့၊ အဆင်ပြေဖို့၊ သူတို့ဆီကနေ တွဲခေါ်မှု ရဖို့တွေ ပြန်လည် စတင်ရပါလိမ့်မယ်။ အလုပ်သစ် ပြောင်းဖို့ စဉ်းစားနေသူ တစ်ယောက်ဟာ အချိန် အများစုမှာ ငါထွက်သင့်သလား၊ ဆက်လုပ်သင့် သလားဆိုတာပဲ တွေးနေတတ်ပါတယ်။ ဒီလို တွေးနေမှု အထဲမှာ အလုပ်သစ် ပြောင်းလဲလုပ်တော့မယ်ဆိုရင် စိန်ခေါ်မှု အသစ်တွေလာမယ်၊ ပတ်ဝန်းကျင်အသစ်နဲ့ဆက်ဆံရမယ်၊ နယ်ပယ်အသစ်မှာ လုပ်ကိုင်ရမယ် ဆိုတာတွေကို ထည့်တွက်ပြီးမှ အကောင်းဆုံး ဆုံးဖြတ်စေချင်ပါတယ်။

ဒီတော့ အခု ဆောင်းပါးလေးရဲ့ သဘောတရားအားလုံးက ရည်ရွယ်ချက်၊ ဦးတည်ချက် မရှိပဲ အလုပ်သစ် မပြောင်းပါနဲ့၊ မိမိကိုယ်ကို ယုံကြည်စိတ်မွေးပါ၊ အလုပ်သစ်မှာပဲဖြစ်ဖြစ်၊ လက်ရှိ အလုပ်မှာပဲ ဖြစ်ဖြစ်  ကိုယ့်ရဲ့ စွမ်းရည် အပြည့်ထုတ်ပြီး လုပ်ကိုင်ပါ။

အချိန်ပြည့် အာရုံစိုက်ပါ၊ သူ့အလိုလို ဘ၀က ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အလုပ်သစ် တစ်ခုပြောင်းလဲ လုပ်ကိုင်လိုက်ရုံနဲ့ သင့် ဘ၀ ပြောင်းလဲသွားမှာ မဟုတ်ပါဘူးနော်။ သင့်ရဲ့ ကြိုးစားမှုကသာ သင့်ရဲ့ ဘ၀ကိုပြောင်းလဲ မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

လင်းထက် (IA)

Ref: www.redcaperevolution.com