Alien Shooter

ဒီတစ်ပတ်ဖော်ပြပေးမယ့် ဂိမ်းလေးကတော့ ပစ်ခတ်ရတဲ့ဂိမ်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေ အတွက် Alien Shooter လေးကိုဖော်ပြပေးသွားမှာပါ။ ဒီဂိမ်းလေးဟာ ကွန်ပျူတာဂိမ်းတွေထဲမှာ Small Game ဖြစ်သော်ငြားလည်း လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ခဲ့ကြတဲ့ဂိမ်းလေးဆိုရင် မမှားနိုင်ပါဘူး။

အခုကတော့ ကွန်ပျူတာမရှိရင်တောင် Touch ဖုန်းလေးတစ်လုံးရှိနေရုံနဲ့ ယခု Alien Shooter   ဂိမ်းလေးကိုဆော့နိုင်ပြီပဲဖြစ်ပါတယ်။ ဒီဂိမ်းလေးထဲမှာတော့ ကစားသူအနေနဲ့ ကမ္ဘာပေါ်ကိုကျူးကျော် ၀င်ရောက်လာတဲ့ဂြိုဟ်သားတွေကို သုတ်သင်ရှင်းလင်းပစ်ရတဲ့နေရာကနေ ကစားရမှာပါ။

ဝင်ဝင်ချင်း Main Menu ထဲမှာတွေ့ရမှာကတော့ ကစားရမယ့်အခန်းတွေကို ဖော်ပြပေးထားမှာ ပဲဖြစ်ပါတယ်။ ကစားမယ်ဆိုရင်တော့ Play ကိုနှိပ်ပြီးကစားနိုင်သလို မိမိကစားပြီးလို့အနိုင်ရရှိခဲ့တယ် ဆိုရင်တော့ Shop နဲ့ Armoury မှာ မိမိရဲ့ဇာတ်ကောင်ကို Upgrade လုပ်ပေးရမှာပါ။ နောက်တက်လာမယ့် အခန်းတွေမှာ ဂြိုဟ်သားတွေဟာ ပိုမိုများပြားလာသလို မိမိကိုပြန်လည်ပစ်ခတ်မှာဖြစ်တဲ့ အတွက်ကြောင့်ပါ။ Shop ထဲဝင်လိုက်ရင်တွေ့ရမှာကတော့ လက်နက်တွေကိုမြင်ရမှာဖြစ်ပြီးတော့ Armoury ထဲမှာကတော့ ကျည်ကာအင်္ကျီတွေကိုမြင်ရမှာပါ။

လက်နက်နဲ့ ကျည်ကာတွေကိုတော့ ဂြိုဟ်သားတွေကိုပစ်ခတ်လို့သေသွားခဲ့ရင် Gold Coin ရနိုင်သလို အနိုင်ရရှိရင်လည်း Gold Coin တွေကိုပေးသွားမှာပါ။ အဲ့ဒီကရလာတဲ့ Gold Coin တွေ ကနေတစ်ဆင့် မိမိဇာတ်ကောင်အတွက်လိုအပ်တဲ့ လက်နက်နဲ့ကျည်ကာတွေကို ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Characters နေရာမှာဆိုရင်တော့ လက်ရှိမိမိကစားနေတဲ့ဇာတ်ကောင်အပြင် တခြားမိန်းကလေးဇာတ်ကောင်ကိုပါ ၀ယ်ယူကစားနိုင်မှာဖြစ်ပါတယ်။

ပေးထားတဲ့အခန်းတွေကစားရတာရိုးသွားတယ်လို့ခံစားရရင်၊ ဒါမှမဟုတ် နောက်ထပ်ဆက်တက်မယ့် အခန်းတွေမှာ လက်နက်နဲ့ကျည်ကာတွေအတွက်ရရှိဖို့ခက်ခဲနေတယ်ဆိုရင်တော့ အပျင်းပြေနိုင် မယ့် Puzzle လေးတွေလည်းပါဝင်ပါတယ်။ အဲ့ဒါကတော့ ကွန်ပျူတာမှလုပ်ခိုင်းတဲ့အရာတွေကို မိမိ အနေနဲ့ ကြိုးစားကစားပေးရမှာပါ။ ဥပမာအနေနဲ့ ၁ မိနစ်အတွင်း ဂြိုဟ်သားတွေရန်ကနေ အသက်ရှင်အောင်ကစားရမှာတွေ၊ ပြီးတော့ ဂြိုဟ်သားအကောင် ၁၀၀ ကို မိမိမသေဘဲသတ်ပစ်ရမှာတွေ စတဲ့ Puzzle တွေ ပါဝင်သွားမှာဖြစ်ပါတယ်။

ဒီဂိမ်းလေးဟာ အက်ရှင်ဂိမ်းလေးဖြစ်သလို သည်းထိတ်ရင်ဖိုဂိမ်းလေးဆိုရင်လည်း မမှားပါဘူး။ ဒီဂိမ်းလေးဟာ File Size သေးပေမယ့် ဂိမ်းရဲ့ရုပ်ထွက်ကတော့ကောင်းမွန်မှုရှိပါတယ်။ ဒီဂိမ်းလေးကို Playstore နဲ့ apkpure.com တို့မှာ File size 118.5 MB နဲ့ အခမဲ့ဒေါင်းလုဒ်ဆွဲယူကစားနိုင်ပါတယ်။